Pages
Thursday, May 16, 2013
Thursday, May 2, 2013
Chiang Mai
မြို(ခေါ်)ခမီ လူမျိုးတို့၏ နောက်ခံသမိုင်း
မြို(ခေါ်)ခမီ လူမျိုးတို့၏ နောက်ခံသမိုင်း
ရခိုင်ရာဇဝင်ကျမ်းများ၏ ဖော်ပြချက်အရ မြို လူမျိုးများသည် ရှေးကျသော လူမျိုး တစ်မျိုးဖြစ်ပါသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသ အနှံ့အပြားနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ မတူပီမြို့နယ် ဒေသများတွင် ပြန့်ကြဲ အခြေချနေထိုင်လျှက်ရှိကြပါသည်။ မြိုလူမျိုးများသည်
သီးခြားဘာသာစကား၊ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာဖြင့် တိုင်းရင်းသား လူမျိုးစု တစ်စုအဖြစ် ယနေ့တိုင်ရပ်တည်လျှက်ရှိပါသည်။
“မြို” ဟူသော ဝေါဟာရကို ပေမူတင်၍ အစောဆုံး တွေ့နိုင်သောကျမ်းမှာ ခရစ်နှစ် ၁၄၅၈ ခုနှစ်တွင် ရခိုင်ပညာရှိ အဒူမင်းညို ရေးသားသော “ဘစောဖြူသမီး ဧချင်း” တွင်ဖြစ်ပါသည်။ 1မြန်မာကျောက်စာများတွင်လည်း ခရစ်နှစ် ၁၄၄၂ ခုနှစ်၊ နရသီဟပတေ့မင်း ရေးထိုးသော စစ်ကိုင်းထူပါရုံ ကျောက်စာ၊ စာကြောင်းရေ (၂၀) တွင်လည်း တွေ့ရပါသည်။ 2 ထို့နောက်တွင် ရခိုင်ရာဇဝင်ကျမ်းများဖြစ်ကြသည့် ရခိုင်မဟာရာဇဝင်တော်ကြီး၊ ဓညဝတီရာဇဝင်သစ်၊ မာရယုနှင့် ဗေဒါရှင်းတမ်း စသောကျမ်းဂန်များ၌လည်းကောင်း၊ အချို့သော စာအုပ်စာပေများတွင်လည်းကောင်း၊ မြိုလူမျိုးများအကြောင်းကိုရေးသားကြရာ၌ “မြို” ဟူသော ဝေါဟာရအပြင် “မြုံ” ဟူ၍လည်းကောင်း၊ “မြုန်” ဟူ၍လည်းကောင်း၊ “မြုမ်” ဟူ၍လည်းကောင်း၊ “မြူ” ဟူ၍လည်းကောင်း၊ “မြို့” ဟူ၍လည်းကောင်း မူကွဲစာလုံးပေါင်းဟန်များဖြင့်လည်းကောင်း ရေးသားထားပါသည်။ မြုံ၊ မြုန်၊ မြုမ်၊ မြူ၊ မြို့ ဟူသော အရေးအသားများသည် “မြို” လူမျိုးများကို ရေးသားထားကြောင်း မှတ်ယူနိုင်သည်။ အဘယ်ကြောင့်ဆိုသော် မျက်မှောက်ခေတ် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားမျိုးနွယ်စုများတွင် မြုံ၊ မြုန်၊ မြုမ်၊ မြူ၊ မြို့ လူမျိုးများကို မတွေ့နိုင်တော့ခြင်း၊ ကျောက်တော်မြိုနယ်၊ ဘူးသီးတောင်မြို့နယ်နှင့် မောင်းတောမြို့နယ်များတွင် အိန္ဒိယတိုင်းရင်းသားများက “မြို” လူမျိုးများကို “မြုံဂျာ” ဟု ခေါ်ဝေါ်နေကြခြင်း၊ 3 မြိုလူမျိုးများသည် မျက်မှောက်ခေတ်ထိ တိုင်းရင်းသားမျိုးနွယ်စု တစ်စုအဖြစ် အထင်အရှား အခြေချနေထိုင်လျက်ရှိနေကြခြင်း စသည့် အကြောင်းအချက်များကို ထောက်လျှင် အထက်ပါ ရခိုင်ရာဇဝင်ကျမ်းနှင့် အခြားသော စာအုပ်စာပေတို့၌ အရေးအသားပြုကြသော “မြုံ၊ မြုန်၊ မြုမ်၊ မြူ၊ မြို့” ဟူသော စာလုံးပေါင်းဟန်များသည် “မြို” လူမျိုးများကိုပင် ရည်ညွှန်းရေးသားထားခြင်းဖြစ်မည်ဟု ယူဆရပါသည်။
ထိုကြောင့် “မရို၊ မြို” ဟူသော အသံထွက်နှင့် အခေါ်အဝေါ်များသည် တစ်ခြားသောတိုင်းရင်းသား (ရခိုင်) တို့က ခေါ်ဝေါ်သည့် အမည်ဖြစ်ပါသည်။ မြိုလူမျိုးတို့က မိမိတို့လူမျိုးကို ရည်ညွှန်း ခေါ်ဝေါ်လိုသောအခါ “ခမီ” ဟူသောအမည်ကို သုံးစွဲကြပါသည်။ 4 မြို (မရို) တို့သည် သူတို့ကို သူတို့ “ခမီ” ဟုခေါ်သည်။ “လူ” ဟုအဓိပ္ပါယ်ရသည်။ မီချောင်းနှင့် သမိန်ချောင်းများတဝိုက်တွင် နေထိုင်သူများကို တောင်မြိုဟု ခေါ်၍ မီးချောင်းနှင့် သမိန်ချောင်းဝ တဝိုက်တွင် နေထိုင်သူများကို အဝမြိုဟုခေါ်သည်။
“မြို” ဆိုသည်မှာ ရခိုင်လူမျိုးများက ပေးထားသောနာမည်ဖြစ်သည်။ 5 “မြို” လူမျိုးတို့၏ အကြောင်းကိုရေးသားမည်ဆိုလျှင် မြို (၃) မျိုး၊ ၄င်း (၃) မျိုးတို့သည် တစ်မျိုးနှင့် တစ်မျိုး သဘောသဘာဝအားဖြင့်လည်းကောင်း၊ ရိုးရာဓလေ့ ယဉ်ကျေးမှုအားဖြင့် လည်းကောင်း ဆက်နွယ်လျက် အနည်းအများ တူညီမှုရှိသောကြောင့် မြိုလူမျိုးတစ်မျိုးတည်း၏ သမိုင်းကြောင်းကို ရေးသားလျှင် မပီပြင် နားမလည်နိုင်မည်စိုး၍ “မြို” လူမျိုး (၃) မျိုးရှိကြောင်း အကြောင်းတို့ကို အောက်ပါအတိုင်းဖော်ထုတ်ရေးသား လိုက်ပါသည်။ 6
၁။ မြို (ခမီ) = အဝခမီ ဟူ၍လည်း ခေါ်သည်။ ၄င်းတို့သည် ကျောက်တော်မြိုနယ်၊ မြောက်ဦးမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောမြို့နယ်၊ ဘူသီးတောင်မြို့နယ်များတို့၌ နေထိုင်ကြသည်။
၂။ မရူ (ခမီ) = အရိုင်း (သို့) အဖျားခမီ ဟူ၍လည်း ခေါ်သည်။ ၄င်းတို့သည် ပလက်ဝမြိုနယ်၊ မတူပီမြို့နယ်များတွင် နေထိုင်လျက်ရှိကြသည်။
၃။ တောင်မြို = မြို (ခမီ) နှင့် မရူ (ခမီ) တို့က “ဒါး” ဟူ၍လည်း ခေါ်သည်။ လွတ်လပ်ရေးမရမီနှင့် ရပြီး ဖ.ဆ.ပ.လ ခေတ် မူလတန်း ပညာရေး၊ ပထဝီဝင်စာပေတို့၌လည်း တောင်မြိုဟု ရေးသားခေါ်ဝေါ်ထားသည်။ ၄င်းတို့သည် ပုဏ္ဏာကျွန်းမြို့နယ်၊ ဘူသီးတောင်မြို့နယ်၊ မောင်းတောမြို့နယ် နှင့် ဘင်္ဂလားနယ်တို့၌ ရှိကြသည်။ ဤလူမျိုး (၃) မျိုးတို့ကို နှောင်းခေတ် သမိုင်းဆရာတို့က ရခိုင်ပြည်နယ်ရှိရှေးကျသော လူမျိုး (၃) မျိုးတို့အား ပီပီပြင်ပြင် မရေးတော့ဘဲ အဆိုပါ မြို (၃) မျိုးလုံးတို့ကို “မြို“ ဟူသော ဝေါဟာရတစ်လုံးတည်းဖြင့် ရေးသားခေါ်ဝေါ်ခြင်းသာဖြစ်ပါသည်။
မြို (ခမီ) လူမျိုးတို့၏ ဝေါဟာရ မည်သို့ ဆက်စပ်မှုရှိသည်ကို ဆက်လက်လေ့လာတင်ပြပါမည်။ လူမျိုးတစ်မျိုးပင်ဖြစ်စေ၊ လူပုဂ္ဂိုလ် တစ်ဦးဦးသည်ပင်ဖြစ်စေ၊ နေရာဒေသ တစ်ခုခုတွင် အခြေချနေထိုင်ခဲ့ဖူးသည့် အခါတို့၌လည်းကောင်း၊ ပြောင်းရွှေ့သွားသည့်အခါတို့၌ လည်းကောင်း၊ ခရီးပြန်ထွက်သည့်အခါတို့၌ လည်းကောင်း၊ ထိုနေရာဒေသတွင် မြို့၊ ရွာ သော်လည်းကောင်း၊ အိမ်မြေယာမြေ သော်လည်းကောင်း၊ သမိုင်းအစအန သော်လည်းကောင်း၊ သွေးစပ်သားစပ်ဆွေမျိုး သော်လည်းကောင်း ကျန်ရစ်စမြဲပင်ဖြစ်သည်။
မြို (ခမီ) လူမျိုးတို့တွင် ကမ္ဘာဦးသမိုင်း (ခေါ်မု ဝတ္ထု) ဟူ၍ ရှိလေသည်။ ထို ခေါ်မု ဝတ္ထုတွင် “ကော်မရီ” အမည်ရှိသော မိန်းမနှင့် “ကော်မရင်” အမည်ရှိသော ယောက်ျားတို့က “မြို” တို့၏ ဘာသာစကားဖြင့် (ခေါ်မု= ကမ္ဘာဦး နေလ မထွက်သေးသော အမှောင်လောက) (သို့) ကျောက်ဂူအမှောင်တွင် နေကြရသော (ခေါ်မု= အမှောင်) ပြည်သားလူ ဟူ၍ အမည်နာမ အဓိပ္ပါယ်ကို ရရှိလေသည်။ ထို ကော်မရီ ကော်မရင် နှစ်ဦးတို့ ပေါင်းသင်းဆက်ဆံကြရာမှ သားသမီး၊ မြေး၊ မြစ် စသော လူအပေါင်းတို့ကို မွေးထုတ် ( မြို= ပြုပြင်) ဖန်တီးပေးသောကြောင့် “မြို” ဟူသော အမျိုးအမည် နာမအဓိပ္ပါယ်ကို ရရှိကြပြန်လေသည်။ထိုနောက်တွင် နေ၊ လ ထွက်ပြီး အလင်းရောင် ရကာ (သို့) ဂူနေမှ အိမ်နေလူ ဖြစ်လာကာ၊ ကာလကြာလေသော် ခေါ်မု= မှ ခမီ သို့ ပြောင်းလဲခေါ်ဝေါ်လာကာ (မြို ခမီ ဟူသောအမျိုးအမည် နာမ်) အခေါ်အဝေါ် ဖြစ်လာကြတော့သည်ဟု မြိုလူမျိုးတို့၏ ရိုးရာ တေးချင်းများတွင် လေ့လာသိရှိရပေသည်။ 7
အထက်ပါ (ခေါ်မု ဝတ္ဃု) အတိုင်း သက်လူမျိုး၊ ဒိုင်းနက်လူမျိုး ရာဇဝင်တို့တွင်လည်း “မြို” (ခမီ) လူမျိုးတို့၏ ရိုးရာတေးချင်းကို မှတ်တမ်းတင် ရေးသားထားသော ရှေးဟောင်းပေမှု ဂီ-ချပ်ရေကိုလည်း လေ့လာနိုင်ပေသည်။ 8
ကျမ်းကိုးစာရင်း
1- အဒူမင်းညို၊ “ရခိုင်မင်းသမီး ဧချင်း” ၊ ရန်ကုန်၊ ဟံသာဝတီ ပုံနှိပ်တိုက်၊ ၁၉၆၅-ခု၊ စာ-၇ (နောင်ကိုးကားလျှင် အဒူမင်းညို၊ ဧချင်း)
2- စစ်ကိုင်းထူပါရုံကျောက်စာ၊ စာကြောင်းရေ ၂၀-၂၃၊ ၈၀၄၊ ခရစ်နှစ် ၁၄၄၂-ခု
3- တွေ့ဆုံမေးမြန်းသူ၊ ဦးအဂါင်္အောင်၊ သရက်တပင် ကျေးရွာ၊ ကျောက်တော်မြို့နယ်၊ ၁၂-မတ်လ-၂၀၀၅
4- တိုင်းရင်းသား ရိုးရာ ဓလေ့ထုံးစံများ (ရခိုင်) ၊ မြန်မာ့ဆိုရှုယ်လစ်လမ်းစဉ်ပါတီ စည်းရုံးရေး ဗဟိုကော်မတီဌါနချုပ်၊ ရန်ကုန်၊ ဇန်နဝါရီလ၊ ၁၉၇၆၊ စာ ၃၁-၃၂ (နောင်ကိုးကားလျှင် တိုင်းရင်းသား ရိုးရာ ဓလေ့ထုံးစံများ (ရခိုင်) ဟု ဖေါ်ပြပါမည်။
5- တိုင်းရင်းသား ရိုးရာ ဓလေ့ထုံးစံများ (ချင်း)၊ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ စည်းရုံးရေးဗဟိုကော်မတီ ဌါနချုပ်၊ ရန်ကုန်၊ ဖေဖော်ဝါရီလ၊ ၁၉၆၈၊ စာ-၆၂ (နောင်ကိုးကားလျှင် တိုင်းရင်းသား ရိုးရာ ဓလေ့ထုံးစံများ (ချင်း) ဟု ဖော်ပြပါမည်)
6- (က) ဦးမေဓဒေဝ၊ မြိုလူမျိုး အကြောင်း၊ လက်ရေးမှု
(ခ) U Ba Myaning, “The Northen Hills of Ponnagyun Township”, Journal of Burma Research Society, vol-xxiv, Yangon, 1933.p.125
(ဂ) U Ba Thein, Census of India, 1931, vol-xi, part-1, Burma Report. 1933, p.254
7- (က) ဦးအောင်ခင်၊ ပြွန်တိုကျေးရွာ၊ ပေါက်တောမြို့နယ်၊ မြို (ခမီ) ရိုးရာတေးချင်းမှ တေးဆိုပြောပြချက် (၂၀-၆-မတ်လ-၂၀၀၂)
(ခ) ဓညဝတီ အောင်ဇေယျ (မြောက်ဦး)၊ “ရက္ခပူရ ကြေးမုံကျမ်း”၊ ရန်ကုန်၊ သန်းထိုက်ရတနာ ပုံနှိတ်တိုက်၊ ၂၀၀၃၊ စာ-၅၄
8- ဤကား ဘင်္ဂလားဒေရှ့်နိုင်ငံရှိ သက်ထောင်တွင် နေထိုင်သူ ရမ်ဂါမတီနယ်သား ဒိုင်းနက်အမျိုးသားဖြစ်သူ (ဦးအဉ်ဒရာကူမာ) အမည်ရှိသော ဆေးသမားတော်ကြီးထံ၌ ဒိုင်းနက်ဘာသာစကား၊ စက္ကမ- သက်ဘာသာစကားတို့ဖြင့် ရေးသားထားသော သမိုင်းစုံပေမူ-ဂီ-ချပ်ရေမှ ဘာသာပြန်ပြီး ကူးယူခဲ့သည်။
ဒေါက်တာ ကျော်သိန်း (မြောက်ဦး)
B.A (Hons. M.A. Ph.)
B.A (Hons. M.A. Ph.)
နည်းပြ
သမိုင်းဌါန
ရန်ကုန်တက္ကသိုလ်
(၁-၃-၂၀၀၁၀ တွင် လ/ထ ကထိက ရာထူးတိုးပြီး ၂၆-၇-၂၀၁၀ တွင်ကွယ်လွန်သည်)
မြို(ခေါ်)ခမိ လူမျိုးတို့၏နောက်ခံသမိုင်း (၅)
မြို(ခေါ်)ခမိ လူမျိုးတို့၏နောက်ခံသမိုင်း (၅)
မာရယုနှင့် ဗေဒါရာဇဝင် ရှင်းတမ်း နိဂုံးချုပ် ရှင်းလင်းချက်တွင် အောက်ပါအတိုင်းရေးသား ရှင်းလင်းထားသည်ကို တွေ့ရပါသည်။
…မျောက်တစ်ကောင်နှင့် ဆတ်မတစ်ကောင် ဟိမဝန္တာမှ ကစ္ဆပနဒီမြစ်အတိုင်းမျောပါလာ၍ ကျောက်တော်တောင်နားတွင် ရောက်သောအခါ သူတို့ချင်း သင့်မြတ်ကြ၍သားသမီး ၃၂ ယောက်မွေးသည် ဟူ၏။
ရခိုင်ရာဇဝင်များ၌ ရေးသားခြင်းသည်လည်း “သက်” ရာဇဝင်နှင့် “မြို” ရာဇဝင်တို့ကိုတိတိကျကျ နားမလည်၍ ရေးသားကြဟန် ရှိလေသည်။ စင်စစ်မှာ “မြို” ကို အိန္ဒိယ အခေါ်ဗန္ဓရဇာတိ ခေါ်သောကြောင့် ဗန္ဓရကို ဘာသာပြန်၍ မျောက်ဖြစ်ရလေသည်။
တစ်နေရာမှာလည်း“မြို” မင်းကြီး၏သား ငတန်နှင့် ဝရသိဒ္ဓိရှင်ဘုရင်၏ သမီးတော် ဣန္ဒမာလဟူသော “သက်”အမျိုးသမီးသာ ဖြစ်လေသည်။ ငဆန္ဒန်တို့ ညီအစ်ကိုတို့ကို ဘီလူးဟု ဆိုရာ၌ စင်စစ်မှာလူသားစားသောကြောင့် ဘီလူးဟု ဆိုဟန်ရှိလေသည်။ 1 နာနာဘာဝ၊ ဝိနာဘာဝဖန်ဆင်းနိုင်သော ဘီလူးမျိုး မဟုတ်ချေ။ လူသားစားသော လူတစ်ယောက်ပင် ဖြစ်ချေသည်။လူသားစားသော ပေါရိသာဒဘုရင်သည်လည်း ဘီလူး မဟုတ်ချေ။ အမြဲတမ်း စားလိုသောရသ-တဏှာကို မဖြတ်နိုင်သော လူတစ်ယောက်ပင်ဖြစ်သည်။
သို့ဖြစ်၍ လူသားစားလျှင် ဘီလူးဟု ဆိုခြင်းမှာ မဖြစ်နိုင်ချေ။ “အသားစိမ်းစားဖူးသောသူသည် အကျက်စားသည်ထက် ခွန်အားဗလကို ပြည့်စုံ၏။အစိမ်းစားဖန်များလာသော သူသည် အကျက်ကို မစားချင်တော့ပေ” ဟူ၍ပြောစမှတ်ပြုကြလေသည်။ ငဆန္ဒန်တို့ ညီအစ်ကိုလည်း အစိမ်းစားလျှာကြောလည်လာသောကြောင့် အကျက်စားခြင်းကို အလိုမရှိဘဲ အစိမ်းစားလျှာကြောလည်သောသူများသာ ဖြစ်ကြသည်။ ရခိုင်ရာဇဝင် အချို့၌ စင်စစ်ဘီလူးဖြစ်လေဟန်ရေးသားကြ၏။ လုံးဝ ယုတ္တိ မရှိချေ၊ 2
အထက်ပါ ရှင်းလင်းချက်များသည် ဝေသာလီမြို့ပြ နိုင်ငံအား နှောက်ယှက်ဖျက်ဆီးသောရက္ခိုက်ဘီလူးတို့၏ ရန်ဆိုသည်မှာ “သြစတြလွိုက် လူမျိုးနွယ်လား” (သို့) “သားစိမ်း ငါးစိမ်းစားလူတစ်စုလား” ဟူသည့်မေးခွန်းကို ကွက်ကွက်ကွင်းကွင်း ဖြေရှင်းရာ ရောက်သည့် အပြင်ရခိုင်ရာဇဝင်များ၌ အရေးအသားပြုကြသည့် “မျောက်” “ဆတ်” “ဘီလူး” စသည့်အယူအဆများကိုလည်း တစ်ကြိမ်တည်း ဖြေရှင်းရာ ရောက်ပါသည်။
စင်စစ် အဒူမင်းညို၏ ရခိုင်မင်းသမီး ဧချင်းအပိုဒ် (၆) တွင် 3 “ရခိုင်ဂုမ္ဘန်၊ငဆန္ဒန်ဆိုးဘီလူးမျိုးကို” ဟူသည့် အပိုဒ်များကို စကားပြေပြန်သောအခါ နိပါတ်တော်များတွင်ပါဝင်လေ့ရှိသည့် နာနာဘာဝ၊ ဝိနာဘာဝ “လူသားစား ဘီလူးများ” ဖြစ်လေဟန် အဓိပ္ပါယ်အယူအဆလွဲ၍ စကားပြေပြန်ထားကြဟန် တူပါသည်။ “ဆတ်မ” ကိုလည်း တိရစ္ဆာန်အဖြစ်အဓိပ္ပါယ် အယူလွဲကြဟန် တူပါသည်။
မြန်မာစာပေ အနှုန်းအဖွဲ့၌ အတ္ထာလင်္ကာရ၊ သဒ္ဒါလင်္ကာရ ဟူ၍ အနက်ကို တန်ဆာဆင်၍နှုန်းဖွဲ့ရခြင်း၊ အသံကို တန်ဆာဆင်၍ နှုန်းဖွဲ့ရခြင်းများ ရှိပါသည်။ ဖော်ပြပါ ဧချင်း၌စာဆိုအဒူမင်းညိုသည် ဝေသာလီ၏ ရန်ဆူးရန်ငြှောင့်ဖြစ်သော ငဆန္ဒန်တို့ ညီအစ်ကို၏ဆိုးသွမ်းသောင်းကျန်းမှုကို ကွက်ကွက်ကွင်းကွင်း ထင်ရှားသိမြင်စေလိုသည့်စေတနာရှိသောကြောင့်လည်းကောင်း၊ ရုန်းရင်းကြမ်းတမ်း၍ လူသားစားသော ငဆန္ဒန်တို့၏သရုပ်ကို ထင်ရှားစေလိုသည့်အတွက် လည်းကောင်း၊ အနက်ကို တန်ဆာဆင်၍ ခိုင်းနှိုင်း ဖွဲ့ဆိုလိုသည့် အတွက် နာနာဘာဝ၊ ဝိနာဘာဝ၊ စုန်း၊ ဘီလူးများနှင့် ခိုင်းနှိုင်း ရေးဖွဲ့ထားဟန်တူပါသည်။ ငဆန္ဒန်သည် ဥပမေယျ၊ ဘီလူးသည် ဥပမာ အဖြစ်ထား၍ တင်စား နှုန်းဖွဲ့ခြင်းသာဖြစ်နိုင်ဖွယ်ရှိပါသည်။ 4
ရခိုင်ရာဇဝင်များလာ “မြို” လူမျိုးများနှင့် ဆက်နွယ်ပတ်သက်နိုင်သည့်အဖြစ်အပျက်အကြောင်းအရာများကို ခြေရာကောက် စုစည်းခြင်း ဖြစ်သဖြင့် မာရယုနှင့် “မြို”သင်းကြီးအောင်လာတို့၏ ဆက်နွယ်မှုကိုလည်း ဖော်ပြရန် လိုအပ်မည် ထင်ပါသည်။မာရယုမင်းသားသည် အဇ္စုနရှင်ရသေ့နှင့် ဣန္ဒမာယု သက်အမျိုးသမီးတို့ မှောက်မှားရာမှဖွားမြင်လာသော မင်းသားဖြစ်သည်။ မင်းသားကို ဖွားမြင်သောအခါ လေမုန်တိုင်းထလျှက်မိုးကြီးစွာ ရွာသောကြောင့် အာသံမြစ်ရေလျှံလာပြီး ကစ္ဆပနဒီမြစ်ညာနှင့် ပေါင်းဆက်သွားသဖြင့်ရသေ့နှင့် ဣန္ဒမာယုနတို့ သားအမိသားအဖ သုံးယောက်တို့မှာ ရေထဲမျောပါသွားကြလေသည်။မာရယုမင်းသားသည် ဘုန်းကံရှိသောကြောင့် နတ်အပေါင်းတို့၏ စောင့်မမှုဖြင့် ရေနစ်သေဆုံးခြင်းမရှိဘဲ ကုလားတန်မြစ်မှ မျောပါလာရာ မီးဝအောက် “မြို” ရွာနှင့် မနီးမဝေးသောတောခြုံငယ်တစ်ခု၌ တင်လေသည်။ “မြို” သင်းကြီး အောင်လာသည် ညအိပ်မက်အရ မိမိအိမ်မှမြောက်စူးစူးသို့ ထွက်လာရာ သူငယ်ကိုတွေ့၍ ကောက်ယူလာပြီးလျှင် ကောင်းစွာ မွေးစားလေ၏။5 အောင်လာ၏ ဇနီး ဒေါ်ဇံမေမှာလည်း သမီးငယ်တစ်ဦးကို မွေးပြီးဖြစ်လျက် မပိန်ဟုမှည့်ပြီးမာရယုနှင့်တွဲ၍ နို့တိုက်မွေးစားရာမှ ကြီးပြင်းလာသောအခါ ဖခင်အောင်လာက လေးအတတ်ကိုသက်ပေးသည်။ မာရယုသည် လေးအတတ်၌ အလွန်ကျွမ်းကျင်၏။ “မြို” အပေါင်းတို့သည်မာရယုမင်းသားအား ချစ်ခင်မြတ်နိုးကြ၍ တောင်ကုန်းပေါ်၌ အိမ်သီးခြားနန်းပုံ ဆောက်လျှက်မပိန်နှင့် ထိမ်းမြားကြလေသည်။ 6
ထွန်းရွှေခိုင် (စစ်တွေကောလိပ်) ၏ ရခိုင်ရှေးဟောင်းမြို့တော်များ စာအုပ်တွင် နိုင်ငံရေးအခြေအနေအရ နိမ့်၍ ကစ္ဆပနဒီ ကုလားတန်မြစ်တလျှောက် စုန်ဆင်းလာခဲ့သောသာကိနွယ်ဝင် ဒုတိယအုပ်စုသည် ကုလားတန်မြစ်ညာပိုင်းသို့ ရောက်ရှိကြလေသည်။ အဆိုပါအုပ်စု၏ ခေါင်းဆောင်သည် အမြော်အမြင်ရှိ၍ ရှိနှင့်ပြီးသော လူမျိုးစုနှင့်ရောနှောနေထိုင်ပြီး လူမျိုးစု ခေါင်းဆောင်၏ သမီးနှင့် လက်ဆက်သူဖြစ်သည်။ ၎င်းတို့မှမွေးဖွားလားသော မာရယုမင်းသားကား စွမ်းရည်သတ္တိနှင့် ပြည့်စုံသူဖြစ်သည်။ယခင်ရှိနှင့်ပြီးသော ဝေသာလီကို တိုက်ခိုက်သိမ်းယူပြီး မင်းပြုသည်ဟုဖော်ပြပါရှိသည်။ ပထမ ဓညဝတီကိုလည်း ဘီစီ ၃၀၀၀ ဟူ၍လည်း ဖော်ပြပါသည်။ 7
မာရယုသည် သာကီဝင် ဒုတိယအုပ်စုမှ ခေါင်းဆောင်နှင့် ရှိနှင့်ပြီးသောလူမျိုးစုခေါင်းဆောင်၏ သမီးကို လက်ဆက်ရာမှ မွေးဖွားလာသည်ဟု ဆိုထားရာ “လူမျိုးစု” ၏အညွှန်းခံသည် “သက်” အစရှိသော အခြားသော မျိုးနွယ်စုများလည်း ဖြစ်နိုင်ပါသည်။ သို့ရာတွင်ရခိုင်မင်းသမီး ဧချင်းလာအရ
“ဘပြုမြိုထီး၊ သင်းကြီးအောင်လာ၊ သည်းချာ ဒေဝီ၊ သမီးဘီနှင့်” 8
ဟု ဖော်ပြထားခြင်းသည် “လူမျိုးစု” ဟူသော စကားရပ်၏ အရည်ညွှန်းခံသည် “မြို” လူမျိုးသာဖြစ်နိုင်ဖွယ် ရှိပါသည်။ သို့မှလည်း ရခိုင်ရာဇဝင်များတွင် ဖော်ပြပါရှိသည့်ရာဇဝင်ကြောရိုးနှင့်လည်း ကိုက်ညီနိုင်ဖွယ် ရှိပါသည်။ သို့ဖြစ်၍ မာရယုနှင့် ဆက်စပ်နေသောလူမျိုးစုကို “မြိုလူမျိုး” ဟု ယူဆရပါသည်။
မာရယုမင်းသည် ငတန်၊ ပလက်ကောက်၊ ပက္ကမိ၊ ငရက္ခိုက်တို့နှင့် လည်းဆွေမျိုးတော်စပ်လျက်ရှိကြောင်း “ဦးရီးတော်” ဟူသည့် ဆွေမျိုးစပ် ဝေါဟာရက ဖော်ပြလျက်ရှိပါသည်။ ထို့ကြောင့် မီးဝအောက် အနီးအနား ပတ်ဝန်းကျင်တွင် အခြေချနေထိုင်လျက်ရှိသောမြိုသင်းကြီး အောင်လာနှင့် ကယက်တောင်စခန်းတွင် မင်းလုပ်အုပ်ချုပ်လျက် ရှိသည့် မြို့မင်းကြီးငတိန်ကာ (ငတိန်) တို့သည် တစ်နည်းတစ်ဖုံအားဖြင့် ဆွေမျိုးစပ်နိုင်ဖွယ် ရှိပါသည်။ 9
ထိုမြိုမင်းများအုပ်ချုပ်သော ကာလကို အတိအကျ မဖော်ပြနိုင်သော်လည်း မာရယုမင်းပထမ ဓညဝတီကို တည်သည့် ကာလကို အခြေခံထား၍ ဆက်စပ်ခန့််မှန်းလျှင် ဘီစီ-၃၅၀၀ပတ်ဝန်းကျင်တွင် ဖြစ်နိုင်ဖွယ်ရှိပါသည်။ “မြို” လူမျိုးများသည် ကုလားတန်မြစ်ရိုးလမ်းကြောင်းအတိုင်း စုန်ဆင်း၍ လည်းကောင်း၊ မီးချောင်း၊ ရန်ချောင်း၊ သရီချောင်း(သရေချောင်း) လမ်းကြောင်းအတိုင်း စုန်ဆင်း၍ လည်းကောင်း ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသအနှံ့အပြားသို့ ပျံ့နှံ့အခြေချ နေထိုင်ခဲ့ကြဟန်တူပါသည်။ ဆမီးချောင်း၊ မီးချောင်း ဒေသများတွင်ဘီစီ-၃၅၀၀ မှ အေဒီ-၇၇၆ မတိုင်မီ ကာလများအထိ အခြေတကျနေထိုင်လျက်ရှိနေသေးကြောင်း သိနိုင်ပါသည်။ သို့ရာတွင် ထိုကာလများ၌ အုပ်ချုပ်သောထင်ရှားသည့် “မြို” မင်းများကို မသိရချေ။
ရခိုင်ရာဇဝင်ကျမ်းများ၏ ဖော်ပြချက်အရ မာရယုမင်းဆက်၏ ၅၄-ဆက်မြောက်နောက်ဆုံးမင်းငယ် ပျော်လှစည်သူသည် စောစစ်ဟူသော မိဖုရားနှင့် ထီးနန်းစည်းစိမ်ကိုအုပ်စိုးသည်။ ဓညဝတီမြို့၏ ကိန်းခန်းကုန်သောကြောင့် သိမာနဒီမည်သော သရေချောင်းလက်ျာကမ်းနား၌ မြို့တည်အုပ်စိုးသည်။ ထို့နောက် အမတ်ကြီး သုံးယောက် ပုန်စား၍လွန်တော်မူ၏။ ထို့နောက်အမတ်ကြီးသုံးယောက်တို့သည် ခြောက်လစီ အဆင့်ဆင့်မင်းပြုသည်။10 မိဖုရား စောစစ်သည် သမီးတော်ကြီး သုန္ဒရီ၊ သမီးတော်ငယ် ဖွားတော်သွေးနှင့်နောက်လိုက်နောက်ပါများကို စုရုံးပြီး ကံသုံးဆင့်မြို့မှ ထွက်ခွာလာ၍ နီလာပန်းတောင်းမြို့ကိုတည်ထောင် ပြုစု၍ နေကြသည်။
တကောင်းပြည်မှ အဘိရာဇာမင်းကြီး၏ သားတော် ကံရာဇာကြီးသည်ထီးနန်းစည်းစိမ်အတွက် ညီတော် ကံရာဇာငယ်နှင့် ကုသိုလ်စစ်ထိုးကြရာမှ ရှုံးနိမ့်သဖြင့်ကလေးတောင်ညို အရပ်မှ ဖိုးခေါင်တောင်ကို ကျော်၍ ရခိုင်ပြည် မီးချောင်းဖျားကျောက်ပန်းတောင်း တောင်ထိပ်ဝယ် မြို့ကြီးသာယာစွာ တည်ပြီးလျှင် မင်းစည်းစိမ်ကိုခံစားတော်မူ၏။ 11 ကံရာဇာကြီးသည် နီလာပန်းတောင်းမြို့၌ နေနှင့်ကြသော မင်းငယ်ပျော်လှစည်သူ၏ မိဖုရားစောစစ်နှင့် သမီးတော် သုန္ဒရီ၊ ဖွားတော်သွေး အကြောင်းကို ကြားသိသဖြင့် မင်းကိုယ်တိုင် သွားရောက်ဆောင်ယူ၍ မိဖုရားစောစစ်ကို ယောက္ခမအရာ၌ ထားကာ သမီးတော် နှစ်ပါးကို မိဖုရား မြှောက်လေသည်။ နီလာပန်းတောင်းမြို့ကို မိဖုရားစောစစ် တည်ထောင်သည့်ကာလမှာ ဘီစီ-၁၆ ရာစုဖြစ်ပြီး ကျောက်ပန်းတောင်းမြို့ကို ကံရာဇာကြီးတည်ထောင်သော ကာလမှာ ဘီစီ-(၁၅၃၁-၁၅၀၇) တွင် ဖြစ်သည်ဟု ဖော်ပြသည်။12
1- ကေသာရ ၊ ဗေဒါရှင်းတမ်း၊ စာ-၂၀၊ ၂၂
2- ယင်း ၊ စာ-၂၃၊ ၂၄
3- အဒူမင်းညို၊ ရခိုင်မင်းသမီး ဧချင်း ၊ စာ-၁၈
4- စာခေါင်၊ မြိုဘာသာစကား၊ စာ-၂၅
5- မာရယုနှင့် ဗေဒါရှင်းတမ်း၌ “မာရယု” ဟု အမည်မှည့်ပုံ မပါ။ “ဓညဝတီ ရာဇဝင်သစ်” ၌မူ ဣန္ဒမာယုနတ်မတွင် ဖွားမြင်သောကြောင့် နတ်တို့ပူးဝင်၍ ပြောသဖြင့် “မာရယု” ဟုအမည်မှည့်ကြောင်း ဖော်ပြသည်။ “ရက္ခပူရ ကြေးမုံကျမ်း” စာအုပ်တွင် ဣန္ဒမာယု သကျအမျိုးသမီးမှ ဖွားမြင်သော သားဖြစ်သောကြောင့် (မာရယု) ဟူသော အမည်ကို မှည့်ခေါ်ကြလေကုန်၏ဟု ဖော်ပြထားသည်။ ကျောက်တော်မြို့နယ်၊ သရက်တစ်ပင်ရွာမှ ဦးအင်္ဂါအောင် ပြောပြချက်အရမှု မရာ-သောင်၊ ယု-ခေါင်၊ သောင်စပ်ချုံတွင် ကောက်ရသဖြင့် အထိမ်းအမှတ်အဖြစ် ခေါင်ဖွင့်၍ သောက်ကြရသည်ကို အစွဲပြု၍ “မာရယု” ဟူ၍ “မြို” ထုံးစံနှင့်အညီ အမည်မှည့်သည်ဟု ဆိုပါသည်။ မရာ-သောင်၊ ယု-ခေါင် (သို့) ခေါင်ရည်
6- (က) ကေသာရ၊ ဗေဒါရှင်းတမ်း၊ စာ-၁၁-၁၄
(ခ)ဓညဝတီ ဦအောင်ဇေယျ (မြောက်ဦး)၊ ရက္ခပူရ ကြေးမုံကျမ်း၊ စာ-၅၁
7- (က) ထွန်းရွှေခိုင်၊ ရခိုင်ရှေးဟောင်း မြို့တော်များ၊ ရန်ကုန်၊ သိဒ္ဓိမြိုင်စာပေ၊ ၁၉၈၅၊ စာ-၂၇
(ခ) ညိုမြ၊ ကုန်ဘောင်ရှာပုံတော်၊ စာ-၁၅၉
(ဂ) San Shwe Bu, A Brief Note on the old capitals of Arakan, p.3
8- အဒူမင်းညို၊ ရခိုင်မင်းသမီ ဧချင်း၊ စာ-၁၈
9- လှထွန်းဖြူ၊ ရခိုင်ပြည်နယ်ရှိ လူမျိုးစုများအကြောင်း စာတမ်းတွင် တင်းမ၊ တောင်ဘွေဒေသဟု ဖော်ပြပါသည်။ တင်းမ ဘုရင်အောင်လာဟုလည်း ဖော်ပြပါသည်။ စာ-၂၈
10- ညဏ၊ ဓညဝတီသစ်၊ စာ- ၄၁-၄၇
11- (က) မှန်နန်းရာဇဝင်တော်ကြီး၊ ပထမတွဲ၊ မျိုးချစ်စိတ်ဓါတ် ထက်သန်ရေး ပညာပြန့်ပွါးလှုံ့ဆော်ရေးအဖွဲ့၏ စာနယ်ဇင်းအဖွဲ့၊ ပထမအကြိမ်၊ ရန်ကုန်၊ ၂၀၀၃၊ စာ-၁၅၄၊ ၁၅၅
(ခ) ဓညဝတီ ဦးအောင်ဇေယျ၊ ရက္ခပူရ ကြေးမုံကျမ်း၊ စာ-၆၁
12- (က) ထွန်းရွှေခိုင်၊ ရခိုင်ရှေးဟောင်း မြို့တော်များ၊ စာ-၂၉
(ခ) အချို့ကမူ ကျောက်ပန်းတောင်းနှင့် နီလာပန်းတောင်းမှာ တူဟန် ယူဆကြသည်။ ဒေသခံ “မြို” လူမျိုးများက အဖိုတောင်နှင့် အမတောင်ဟု ခေါ်စမှတ်ပြုကြသည်။
ဒေါက်တာ ကျော်သိန်း(မြောက်ဦး)
နည်းပြ၊ သမိုင်းဌာန
ရန်ကုန်တက္ကသိုလ်
ရန်ကုန်မြို့။
၉.၁၂.၂၀၀၉
(၁-၃-၂၀၀၁၀ တွင် လ/ထ ကထိက ရာထူးတိုးပြီး ၂၆-၇-၂၀၁၀ တွင်ကွယ်လွန်သည်)
Subscribe to:
Posts (Atom)






